သင်ခန်းစာ-၅၇

မင်းဗာကြီး

မင်းဗာကြီး၏ ငယ်နာမည်မာ ဘစောသီရိ ဖြစ်ပါရေ။ ပထမမြောက်ဦး ခေတ် သျှစ်ဆက်မြောက် မင်းရာဇာ၏သားတော်တပါးဖြစ်ရေ။ ရခိုင် သက္ကရာဇ် ၈၅၃ ခုနှစ်မာ မြောက်ဦးနန်းတော်၌ မွီးဖွားခပါရေ။ ငယ်စဉ်က မင်းဗာကြီး၊ ဦးမြဝါ၊ မဟာပညာကျော် သုံးဦးရို့သည် မြောက်ဦးမြို့ အဂ္ဂစိန္တေယျဆရာတော်ဘုရားကြီးပါးမာ ပညာသင်ယူခပါရေ။

ကြီးပြင်းလာသောအခါ သံတွဲနယ် လမုခြီမင်းပြင်ကို စားရသဖြင့် မင်းပြင်စားဟုလေ့ခေါ်တွင်ခပါရေ။ ရခိုင်သက္ကရာဇ် ၈၉၃ ခုနှစ်မှာ မြောက်ဦးထီးနန်းကို ရဟိခပါရေ။ ဤမင်းသည် စွမ်းရည်သတ္တိနန့်ပြည့်စုံရေ။ စစ်ရေးစစ်ရာ ကျွမ်းကျင်ရေ။ မြောက်ဦးမြို့ကို ခေတ်မီခံတပ်မြို့အဖြစ် တည်ဆောက်နိုင်ခရေ။
ရခိုင်သက္ကရာဇ် ၈၉၇ ခုနှစ်မာ သျှစ်သောင်းပုထိုးကို တည်ဆောက်ခပါရေ။ ဘင်္ဂါ (၁၂) မြို့ကို အောင်မြင်ရေအထိမ်းအမှတ်ဖြစ်သောကြောင့် ရန်အောင်ဇေယျပုထိုးကြီး လို့လေ့ ခေါ်တွင်ပါရေ။

လိကျင့်ဖို့

၁။ ဝါကျဖွဲ့ပါ။
  • မွီးဖွား: မင်းဗာကြီးကို မြောက်ဦးနန်းတော်၌ မွီးဖွားခပါရေ။
  • စွမ်းရည်သတ္တိ: ရခိုင်ဘုရင်တိသည် စွမ်းရည်သတ္တိနန့် ပြည့်စုံကတ်ပါရေ။
  • စစ်ရေးစစ်ရာ: မင်းဗာကြီးသည် စစ်ရေးစစ်ရာမာ အထူးကျွမ်းကျင်သူဖြစ်ပါရေ။
  • ကျူးကျော်: ကျူးကျော်လာရေ ရန်သူတိကို မင်းဗာကြီးက နှိမ်နင်းခပါရေ။
၂။ မိန်းခွန်းတိကို ဖြေပါ။

(က) မင်းဘာကြီး၏ ငယ်နာမည်ကို ဖော်ပြပါ။ အဖြေ။ ။ ဘစောသီရိ ဖြစ်ပါရေ။

(ခ) မင်းဘာကြီး၊ ဦးမြဝါ၊ မဟာပညာကျော်ရို့ သုံးဦးသည် အသူ့ပါးမာ ပညာသင်ယူခပါလေး။ အဖြေ။ ။ အဂ္ဂစိန္တေယျ ဆရာတော်ဘုရားကြီးပါးမာ သင်ယူခပါရေ။

(ဂ) မင်းဘာကြီးသည် မြောက်ဦးမြို့ကို ဇာပိုင်မြို့အဖြစ် တည်ဆောက်ခပါလေး။ အဖြေ။ ။ ခေတ်မီခံတပ်မြို့အဖြစ် တည်ဆောက်ခပါရေ။

(ဃ) သျှစ်သောင်းပုထိုးတော်ကြီးကို ရန်အောင်ဇေယျလို့ ဇာကြောင့် ခေါ်ပါလေး။ အဖြေ။ ။ ဘင်္ဂါ (၁၂) မြို့ကို အောင်မြင်ရေ အထိမ်းအမှတ် ဖြစ်တေအတွက် ခေါ်ပါရေ။